မုံရွာ မေ ၈
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များအနက် မုံရွာခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို မေလ(၄)ရက်နေ့မှစတင်ပြီး မုံရွာမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ပေးအပ်လျက်ရှိရာ မေ(၇)ရက်နေ့အထိ လူဦးရေ ၂၂၉၃ ဦးအတွက် စုစုပေါင်း ဆန် ၂၁၄၉ အိတ်၊ ၁၆ ပြည်၊ ၄ ဘူး ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မုံရွာခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ထံမှ သိရသည်။
ရိက္ခာဆန်များထောက်ပံ့ပေးရာတွင် မုံရွာခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ဝင်များက သက်ဆိုင်ရာဌာနကိုယ်စားလှယ် တစ်ဦးချင်းအလိုက် ဝန်ထမ်းမှတ်ပုံတင်စိစစ်ရေးကဒ်၊ နိုင်ငံသားမှတ်ပုံတင် စိစစ်ရေးကဒ်များဖြင့် တိုက်ဆိုင်စစ်ဆေးမှတ်တမ်းထားရှိခြင်း၊ နေ့စဉ်ခွဲဝေပြီးစီးမှုအခြေအနေများအား စာရင်းရှိ၊ ထုတ်ဝေပြီးစီးမှု၊ လက်ကျန်စာရင်းရေးဆွဲ၍ စနစ်တကျထုတ်ပေးခဲ့ခြင်းဖြစ်သည်။
မုံရွာမြို့ခရိုင်အတွင်း မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် စသည့်(၄)မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူ(၅၉၅၆)ဦးရှိသည့်အနက် ယာယီနေရပ်စွန့်ခွာသူဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု စုစုပေါင်း(၂၂၉၃)ဦးတို့အား တစ်ဦးလျှင်(၁)ရက် နို့ဆီဘူး(၂)ဘူးနှုန်းဖြင့် (၃)လစာအား ပထမအကြိမ် စတင်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး မုံရွာမြို့ပေါ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်များတွင် ကျန်ရှိသည့် ယာယီနေရပ်စွန့်ခွာသူ (၃၆၆၃)ဦးအတွက် ဆန်လက်ခံရရှိသည့်အခါ ဒုတိယအကြိမ်အဖြစ် မုံရွာခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့မှ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)