စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၄)အစည်းအဝေး တက်ရောက်

မုံရွာ မေ ၈

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၄) အစည်းအဝေးကို မေလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/ တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍစနစ်တကျဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီတို့၏ လမ်းညွှန်မှု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများမှလည်း ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အကြံဉာဏ်များ၊ ပူးပေါင်းဆောင်ရွက်မှုအားတို့ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁.၂၉ သန်းရရှိခဲ့သည့်အတွက် ၂၀၂၂ ခုနှစ်ကထက် ၅ ဆနီးပါးတိုးတက်ခဲ့သည်ဟု စာရင်းဇယားများအရ သိရှိရပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေ ဖြင့်လည်းနယ်မြေဒေသအချို့တွင် အခက်အခဲများရှိနေသော်လည်း မုံရွာ၊စစ်ကိုင်းစသည့် ရနိုင်သည့် ဒေသများတွင် အားထည့်ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် ရလဒ်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်စုစုပေါင်း တစ်သိန်းသုံးသောင်းကျော် ဝင်ရောက်ခဲ့သည့် အတွက် ၂၀၂၂ ခုနှစ်ကထက် ၁၈.၀၃% တိုးတက်ခဲ့တာ တွေ့ရပါကြောင်း၊

ယဉ်ကျေးမှုအမွေအနှစ်များ သာသနိကအဆောက်အဦများအား ထိန်းသိမ်းစောင့်ရှောက် ရန်အတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသကဲ့သို့ ဒေသခံများ၊ NGO အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေးအတွက် ပလပ်စတစ်အမှိုက်များ စီမံခန့်ခွဲရေးအား အလေးထားဆောင်ရွက်ရမှာဖြစ်သလို ရိုးရာပွဲများ၊ ဘုရားပွဲတော်များ စနစ်တကျနှင့် စည်ကားသိုက်မြိုက်ရေး၊ ယာဉ်ရပ်နားရန်နေရာမှအစ၊ လမ်းဘေးဈေးသည်အပါ အားလုံးစည်း ကမ်းတကျဖြစ်စေရေးတို့အတွက် အရှိန်မပျက်ဝိုင်းဝန်းဆောင်ရွက်မှသာ ရေရှည်တည်တံ့သည့် ခရီးစဉ်ဒေသအဖြစ် နာမည်ကောင်းရပြီး ခရီးသွားဧည့်သည်များ ပိုမိုလာရောက်မှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ တည်းခိုနေထိုင်ရေးတို့အတွက်  ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၃/၂၀၂၄ ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည် ပြုပေးရမည့်ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ် ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများပတ်ဝန်းကျင်များတွင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)