ဟင်္သာတ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိမဲရုံများကို ယနေ့နံနက် ၆ နာရီအချိန်က တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ အေးချမ်းစွာ ဆန္ဒမဲ များလာရောက်ပေးလျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်အတွင်းရှိမဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများကို လတ်တစ်လော ဖြစ်ပွား နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွါးမှုမရှိစေရေးအတွက် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာဖြင့် တန်းစီစောင့်ဆိုင်းစေပြီး နှာခေါင်းစည်းများ တပ်ဆင်ခြင်းနှင့် မပါရှိသူများကို နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ မဲရုံအဝင်တွင်လည်း အပူချိန်တိုင်းခြင်း ဟန်းဂျယ်များဖြင့် လက်ဆေးခြင်းတို့ကို မဲရုံတာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက် ပေးကြောင်း သိရသည်။
ဟင်္သာတမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ရပ်ကွက်(၃၁)ရပ် ကွက်နှင့် ကျေးရွာအုပ်စု (၁၀၁)အုပ်စုတွင် စုစုပေါင်း မဲရုံ(၂၈၂) ရုံရှိပြီး မဲဆန္ဒရှင်စုစု ပေါင်း(၂၇၀၀၀၀) ကျော် ရှိကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)