အောင်လံမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသခံယူနေသော လူနာများအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် သွားရောက်တွေ့ဆုံထောက်ပံ့

အောင်လံ မေ ၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသခံယူနေသော လူနာများကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီက သွားရောက်တွေ့ဆုံခဲ့သည်။

ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ အောင်လံမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး သွေးလှူဘဏ်၌ သွေးလှူဒါန်းနေသည့် ပြည်သူများအား အာဟာရဖြည့် အစားအစာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကလေးဖျားနာကုသဆောင်၌ ဆေးဝါးကုသမှုခံယူနေသော ကလေးငယ်များ၊ မီးဖွားပြီးစ ကလေးငယ်များ၊ မိခင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

ထို့နောက် လူမှုပရဟိတကူညီကယ်ဆယ်ရေး အသင်း/အဖွဲ့ဝင်များမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြရင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)