ဟင်္သာတမြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးမှူး၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့လှုပ်ရှားမှုများ ဆောင်ရွက်

ဟင်္သာတ မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးမှူး၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အကြိုလှုပ်ရှားမှုအဖြစ် မေလ ၅ ရက်နေ့တွင် ဟင်္သာတမြို့နယ် ကြက်ခြေနီအသင်းဝင်များ၊ စေတနာလုပ်အားရှင်များက ဟင်္သာတမြို့ရှိ သမိုင်းဝင် မြို့သူကြီးဘုရားဝင်းအတွင်းရှိ ဘုရားစေတီများ၊ ဆင်းတုတော်များအား ရေသပ္ပါယ်ခြင်း၊ ရင်ပြင်တော်နှင့် ဝန်းကျင်တို့တွင် အမှိုက်ကောက်ခြင်း၊ တံမြက်စည်းလှည်းခြင်းများကို စုပေါင်းကုသိုလ်ယူဆောင်ရွက်ခဲ့ကြသည်။

အလားတူပင် ယမန်နေ့နံနက်ပိုင်းကလည်း အပူဒဏ်ကာကွယ်ရေးသတိပေး လက်ကမ်းစာစောင်များ ဝေငှအသိပေးသည့် လှုပ်ရှားမှုကို နံနက် ၀၆:၀၀ နာရီမှ ၀၉:၀၀ နာရီအထိ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ဟင်္သာတခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်ဦး၊ ဒုတိယမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးသက်ခိုင်တို့ ဦးဆောင်၍ ဟင်္သာရုပ်အဝိုင်းလမ်းဆုံ၊ မီးပွိုင့်လမ်းဆုံ၊ ပဒေသာစျေးရှေ့နှင့် ​ဌေးဝင်းစျေးတို့ရှိ လူစည်ကားရာနေရာများ၊ လမ်းမကြီးများတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် (၅၀၀)အား လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများတွင် ဟင်္သာတမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် မြို့နယ်အမှုဆောင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ ခရိုင်နှင့်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များစုစုပေါင်း အင်အား ၅၀ ကျော်ပါဝင်ခဲ့ကြကြောင်းနှင့် ယခုနှစ်ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှာ "လူသားချင်းစာနာမှု အစဥ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး" ဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)