နတ်မောက် မေ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း သတ်မှတ်နေရာထက် ကျော်လွန်၍ တည်ခင်းရောင်းချမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းရှင်များအား စည်းကမ်းနှင့်အညီ စနစ်တကျ သတ်မှတ်ထားသည့် နေရာများတွင် ရောင်းချစေလိုကြောင်း၊ မြို့မဈေး အတွင်း/အပြင် ဆိုင်ခန်းရှင်များကလည်း ကျူးကျော်တည်ခင်းရောင်းချမှုမပြုလုပ်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဈေးအတွင်း/အပြင် မီးဘေးလုံခြုံရေးအတွက် နေ့စဉ် မိမိတို့၏ ဆိုင်ခန်းများမှ အမှိုက်များ စနစ်တကျစွန့်ပစ်ကြရန်၊ ညနေအချိန်၌ အဖွဲ့ပိုင်မော်တော်ယာဉ်ဖြင့် ဈေးအတွင်း လိုက်လံသိမ်းဆည်းပါက ဈေးရောင်းချသူများက အမှိုက်များအား စနစ်တကျလာရောက်ပို့ဆောင်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ ဈေးတာဝန်ခံ၊ ဈေးကော်မတီဝင်များနှင့် ဆိုင်ခန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း