နတ်မောက် မေ ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် တွင်းကြီးကျေးရွာအုပ်စု၊ ဖလံပင်ကျေးရွာ ရေရရှိရေးကော်မတီဝင်များနှင့်အတူ နွေရာသီကာလ သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်နိုင်ခြင်းရှိ/ မရှိအခြေအနေအား ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
တွင်းကြီးကျေးရွာအုပ်စု၊ ဖလံပင်ကျေးရွာ၌ အိမ်ခြေ (၂၇၀)၊ လူဦးရေ (၁၄၅၆) ရှိပြီး လက်ရှိရေသုံးစွဲမှုအနေဖြင့် Mono စက်ရေတွင်း (၁) တွင်း၊ ရေထွက်နှုန်း (၂၂၅၀ဂါလံ/နာရီ) နှင့် ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော Submersible စက်ရေတွင်း (၁) တွင်း၊ ရေထွက်နှုန်း (၁၈၀၀ဂါလံ/နာရီ) စုစုပေါင်း တွင်းနက် စက်ရေတွင်း (၂) တွင်းမှ ရေကိုလုံလောက်စွာ ထုတ်ယူအသုံးပြုလျက်ရှိပါကြောင်း တွေ့ရှိခဲ့ပါသည်။
ထို့နောက် နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာရေကော်မတီဝင်များနှင့် တွေ့ဆုံကာ ရေဖိုးရေခကောက်ခံမှုများ၊ ရန်ပုံငွေထိန်းသိမ်းထားရှိမှုများအား စနစ်တကျဆောင်ရွက်ရန်နှင့် စက်ရေတွင်းများအား စနစ်တကျ ပြုပြင်ထိန်းသိမ်းရန် လမ်းညွှန်မှာကြားခဲ့ကြောင်း မြို့နယ်ဦးစီးမှူးဦးဝင်းနိုင်ဦး ပြောပြ၍ သိရသည်။
သူသူ(နတ်မောက်)