ပန်းတနော်မြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲ အခမ်းအနား ကျင်းပ

ပန်းတနော် မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မရမ်းကျေးရွာအုပ်စု တောင်သူဒေါ်ယဥ်ယဥ်မြ၏ ကွင်းအမှတ် (၅၁၆)၊ ဦးပိုင်အမှတ် (၂၅/ ၆)ရှိ လယ်ယာမြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အေးလွင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မိုးထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများက တောင်သူဒေါ်ယဥ်ယဥ်မြ၏ လယ်ယာမြေ(၅)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ခြင်းကွင်းသရုပ်ပြသခဲ့ပြီး ဒေသခံတောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပန်းတနော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီမှူးက တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းကြဲပက်ခြင်းဖြင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ရေရှည်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)