ပဲခူး မေ ၇
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ကမ္ဘာကြီးသည် အစဉ်တစိုက် ပြောင်းလဲတိုးတက်နေခြင်းကြောင့် ပြောင်းလဲတိုးတက်မှုများကို အမှီလိုက်နိုင်ရေး ယနေ့လူငယ်များ ပြင်ဆင်မှုများစွာ လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ လူငယ်မောင်မယ်တို့ကို မှန်ကန်သည့်အသိပညာများရရှိစေရေးအတွက် ယနေ့လူငယ်စကားဝိုင်းကို ကျင်းပပေးခြင်းဖြစ်သည့်အတွက် လူငယ်မောင်မယ်များအနေဖြင့် ယုံကြည်မှုနှင့် ရဲရင့်မှုရရှိရန်လိုအပ်ကြောင်း၊ အနာဂတ်ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်မောင်မယ်များအား ဗလငါးတန်နှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်ပြီး မှန်ကန်သည့် အသိပညာများရရှိရေးအတွက် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်သည့်အခါ ရဲရင့်ယုံကြည်စွာဖြင့် အများအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံတော်ကအားထားရသည့် သားကောင်းသမီးမွန်များဖြစ်လာကြစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအနေဖြင့် လူငယ်အများစိတ်ဝင်စားသည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ၊ ရှေးဦးပြုစုခြင်းသင်တန်း၊ ကင်းထောက်သင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ကာယအတွဲသင်တန်း၊ ဘင်ခရာ/ပန်းပွားသင်တန်း၊ ဂီတသင်တန်းများနှင့် လူငယ်အသိပညာပေးဟောပြောပွဲများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အချိန်ကိုအကျိုးရှိရှိအသုံးချပြီး မိမိတို့ဝါသနာပါရာ ပညာရပ်များကို ကြိုးစားလေ့လာသင်ယူရန် အရေးကြီးကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက်က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ၎င်းနောက် မြန်မာ့သိုင်းအားကစားအဖွဲ့နှင့် Fitness Dance အားကစားအဖွဲ့တို့မှ အားကစားသမားမောင်/မယ်များက သရုပ်ပြသကစားကြပြီး ပဲခူးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ အမျိုးသားစာပေဆုရှင် စာရေးဆရာမဝတ်ရည်ခင်(ပဲခူး)က လူငယ့်အားမာန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ အမျိုးသားစာပေဆု(၆)ကြိမ်ဆုရှင်၊ တစ်သက်တာစာပေဆုရှင် အလင်္ကာကျော်စွာမြင်းမူမောင်နိုင်မိုးက ပွင့်သောပန်းတိုင်းမွှေးပါစေ ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပေးကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့က အားကစားသရုပ်ပြအဖွဲ့များနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပါဝင်ဟောပြောပေးသော စာရေးဆရာ/ဆရာမတို့အား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက်က ပဲခူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွက် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အခမ်းအနားတက်ရောက်လာသည့် လူငယ်ရေးရာကော်မတီများ၊ မြန်မာ့သိုင်းအဖွဲ့ဝင်များ၊ Fitness Dance အားကစားအဖွဲ့နှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)