တောင်ငူ မေ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မွေးကင်းစအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီမှ ၁၂ နာရီအချိန်အထိ ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများဆောင်ရွက်ရာတွင် အသက်(၂)လအရွယ် ကလေးငယ်များကို ဘီစီဂျီ၊ ပိုလီယို(ပထမ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)(ပထမ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)(ပထမ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)ကိုလည်းကောင်း၊ အသက်(၄)လအရွယ် ကလေးငယ်များကို ပိုလီယို(ဒုတိယ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)(ဒုတိယ)၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)(ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)(ဒုတိယ)ကိုလည်းကောင်း၊ အသက်(၆)လအရွယ် ကလေးငယ်များကို ပိုလီယို(တတိယ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)(တတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (တတိယ)ကိုလည်းကောင်း၊ အသက်(၉)လအရွယ် ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး(ပထမ)ကာကွယ်ဆေးနှင့် အသက်(၁)နှစ်ခွဲကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး(ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)(စတုတ္ထ)စသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးနှင့်ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးကြောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာညီဆွေ ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)