တနင်္သာရီ မေ ၇
နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း ကျောင်းသူ/သားများအနေဖြင့် သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတုပြောင်းလဲမှုများနှင့် သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးအကြောင်းအရာများကို သိရှိနားလည်တတ်စေရန်နှင့် ဗလငါးတန်နှင့်ဘက်စုံ ဖွံ့ဖြိုးပြည့်စုံသော အနာဂတ်လူရွယ်လူငယ်များ ပေါ်ထွန်းလာစေရန်…စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေး မှူးရုံး အစည်းအဝေးခန်းမအတွင်း သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲပြုလုပ်ပေးကြောင်း သိရသည်။
၎င်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ အ.ထ.က-တနင်္သာရီကျောင်း Grade(7)မှ Grade-11)အတန်းတို့မှ ဆရာမများနှင့် ကျောင်းသူ/သားများ (၄၅)ဦးနှင့် သစ်တော ဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အဖွင့်အမှာစကားပြောကြားပေးပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးမြတ်ဦးက အမှာစကားပြောကြားပေးသည်။
ထို့နောက် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးဇေယျာမိုးက သစ်တောသစ်ပင်များမှ ရရှိသည့် အကျိုးကျေးဇူးများ၊ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ရေဝေရေလဲသစ်တောများ၏ အရေးပါမှုအကြောင်းအရာများ၊ သစ်တောအမျိုးအစားများနှင့် သစ်တောများ၏ အကျိုး ကျေးဇူး(၇)ချက်၊ သစ်ပင်သစ်တောများမှ အထောက်အပံ့ပြုသော အကျိုးကျေးဇူး (၈)ချက်၊ သစ်တောပြုန်းတီးမှုကို ဖြစ်စေသောအကြောင်းအရာများ၊ သစ်ပင်သစ်တောများဖြင့် လူနေမှုဘဝရေရှည်တည်တံ့စေရန်(၅)ချက်၊ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းခြင်းဆိုင်ရာနှင့် တနင်္သာရီမြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် သစ်တောပြုစုထိန်းသိမ်းရေး လုပ်ငန်းစဉ်အကြောင်းအရာများကို Power Point ဖြင့်အသိပညာပေးရှင်း လင်းဟောပြောပေးကြောင်း သိရသည်။
ထို့နောက်မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၏ဦးဆောင်မှုဖြင့် အခမ်းအနားသို့ တက်ရောက်ကြသည့်ဆရာမများ၊ ကျောင်းသား/သူများအား မြို့နယ်သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသည့် သစ်ပင်အမျိုးအစားများကို သွားရောက် လေ့လာ ကြရာ တောအုပ် ဦးဆင့်မျိုးအောင်နှင့် တောအုပ်ဦးမောင်မောင်ကျော်တို့က သစ်ပင်များမှတစ်ဆင့် လူသားများအပေါ်အကျိုးပြုပုံများနှင့် ဆက်နွယ်နေမှုများကို ရှင်းလင်းဆွေးနွေးပေးရာ ဆရာမများ၊ ကျောင်းသား/သူများက စိတ်ဝင်တစားလေ့လာမှတ်သားကြပြီး ပျိုးပင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)