သနပ်ပင် မေ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄ ခုနှစ်)အထိမ်းအမှတ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်က ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း(၂၀)ကျော်ကို ကာကွယ်ဟန့်တားနိုင်သဖြင့် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့်ကလေးငယ်များ တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်စောထွန်းက ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ဆောင်ပုဒ်ဖြစ်သည့် “ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆောင်ပုဒ်နှင့်အညီကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက သနပ်ပင်မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota)ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်စောထွန်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေး၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ညိုပြာ (ပြန်/ဆက်)