ပေါက်ခေါင်းမြို့နယ်၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် ကလေးများအားကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ပေါက်ခေါင်း   မေ   ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၄ ခုနှစ်)အထိမ်းအမှတ် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ‌အောင်မျိုးမြတ်က ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးဆောင်ပုဒ်ဖြစ်သည့် “ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆောင်ပုဒ်နှင့်အညီ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအား တာဝန်ရှိသူများသူနှင့်အဖွဲ့၀င်များက အသက်(၂)နှစ်အောက်ကလေးများအား ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအားလိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)