ပုလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတော်အဆင့် လူရည်ချွန်မောင်မယ်များအား ကြိုဆို၊ ဂုဏ်ပြု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပုလော မေ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတော်အဆင့် လူရည်ချွန်မောင်မယ်များအား ကြိုဆို၊ ဂုဏ်ပြု ချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့နံနက် (၉)နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပုလောမြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးက ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန်၊ ပညာရေး လက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံအကျိုးပြုလုပ်ငန်းများဆောင်ရွက်စေရန်၊ မှန်ကန်သော အကျိုး ပြု ယှဉ်ပြိုင်မှုဖြင့် ဘက်စုံပညာအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အများနှင့်စုပေါင်းနေထိုင်တတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရန်နှင့် ဒေသန္တရဗဟုသုတများရရှိလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ စံနမူနာပြ လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်ရွေးချယ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပုလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတော်အဆင့်တွင် အ.ထ.က(၁)ပုလောမှ မောင်မင်းလွတ်လပ်စိုး (Grade 10)၊  အ.ထ.က (၂)ပုလောမှ မထက်ဆုဝန်း(Grade 10)၊ အ.ထ.က(၁) ပုလောမှ မသက်မွန်ကျော် (Grade 9) မှ လူရည်ချွန်မောင်မယ် (၃) ဦးပေါ်ထွန်းခဲ့ကြောင်း၊ တောင်ကြီးနှင့် ပုဂံလေ့လာရေးခရီးမှ ပြန်လည်ရောက်ရှိလာသည့် လူရည်ချွန်မောင်မယ်များကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဂုဏ်ပြုပန်းစည်းများ၊ အတီးအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)