ဖျာပုံ မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာန၊လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များပူးပေါင်း၍ မြို့နယ်အတွင်း သောက်ရေပြတ်လပ်မှု မရှိစေရေးသောက်ရေများ လိုက်လံဖြန့်ဝေပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်မှစတင်၍ဖျာပုံမြို့နယ်အတွင်းရှိ သောက်ရေလိုအပ်လျက်ရှိသော ရပ်ကွက်/ကျေးရွာများသို့လိုက်လံဖြန့်ဝေပေးကြသည်။
အဆိုပါ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးသောက်ရေများ လိုက်လံဖြန့်ဝေပေးရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ခရိုင်မီးသတ် ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်ဝင်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပဲ့တင်သံပရဟိတအသင်းမှတာဝန်ရှိသူများသည်ခရိုင်မီးသတ်ဦးစီးဌာနပိုင် ရေသယ်ယာဥ် (၂) စီးဖြင့်သောက်ရေ လိုအပ်လျက်ရှိသော အမှတ် (၁၄) ရပ်ကွက်၊ အမှတ် (၁၅) ရပ်ကွက်နှင့် အမှတ် (၁၉)ရပ်ကွက်ရှိ ပြည်သူများအား သောက်ရေပြတ်လပ်မှု မရှိစေရေးသောက်ရေများကို တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံဖြန့်ဝေပေးကြသည်။ ထိုသို့ သောက်ရေများ လိုက်လံဖြန့်ဝေပေးခြင်းကို မြို့နယ်အတွင်းရှိ သောက်ရေ လိုအပ်လျက်ရှိသော ရပ်ကွက်/ ကျေးရွာများအား နေ့ရက်အလိုက် ဖြန့်ဝေပေးလျက်ရှိကြောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)