ရေနံချောင်းတက္ကသိုလ်၌ အောက်ခြေဝင်ပေါက်ရာထူးနှင့် ရာထူးတိုးဝန်ထမ်းများအတွက် စွမ်းရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်

ရေနံချောင်း မေ ၇

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်အတွက် အောက်ခြေဝင်ပေါက်ရာထူးများနှင့် ရာထူးတိုးဝန်ထမ်းများအား စွမ်းရည်မြင့်မားရေးသင်တန်းကို ယမန်နေ့ကစတင်၍ အဆိုပါတက္ကသိုလ်ရှိ သစ္စာဆောင်အခန်းနံပါတ်(၁၀၂)တွင် ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်နှင့် ပါမောက္ခ(ဌာနမှူး)များက နိုင်ငံ့ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ရုံးလုပ်ငန်းများနှင့် ရုံးစာရေးသားနည်းများ၊ သင်တန်းရေးရာဆိုင်ရာကျင့်ဝတ်များ၊ စီမံရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းကျင့်ဝတ်များ၊ လောကနီတိ စသည့် သင်ခန်းစာများကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို မေ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ နေ့စဉ်နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သင်ခန်းစာများ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ရေနံချောင်းတက္ကသိုလ်မှ အောက်ခြေဝင်ပေါက် ရာထူးနှင့် ရာထူးတိုးဝန်ထမ်း သင်တန်းသား ၂၄ ဦး၊ သင်တန်းသူ ၃၆ ဦး စုစုပေါင်းသင်တန်းသား သင်တန်းသူ ၆၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)