သဲကုန်းမြို့နယ်၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် World Immunization Week (၂၀၂၄ခုနှစ်) အခမ်းအနား ကျင်းပ

သဲကုန်း မေ ၇

"ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့" ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့် မွေးကင်းစမှ အသက် (၅) နှစ်အထိ ကလေးများအား ကျန်းမာသန်စွမ်းစေရေးနှင့် အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက်  “ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် World Immunization Week (၂၀၂၄ခုနှစ်) အခမ်းအနား”ကို မေလ (၆)ရက် နံနက် (၉)နာရီအချိန်က သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးမင်းထွေးက ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်၊ မီးတွင်းကာလအတွင်း ဆောင်ရန်၊ ရှောင်ရန်များ၊ မွေးကင်းစမှ အသက်(၂)နှစ်အထိ ကလေးများအား ကာကွယ်ဆေးထိုးနှံရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေး၏တန်ဖိုးနှင့် အကျိုးကျေးဇူးများ၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်၍ရသော ရောဂါများကြောင့် သေဆုံးမှုကို လျှော့ချပြီး ကလေးများ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံတိုက်​ကျွေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးမင်းထွေး ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစကလေးငယ်များနှင့် အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ တီဘီရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးပေးခြင်း၊ ဂျပန်ဦးနှောက်ရောင်၊ ဂျိုက်သိုး အစရှိသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေ ရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Rota) တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များကိုအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

အခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းဝင်များ တက်ရောက်ခဲ့ကြ​ပြီး ကလေးငယ်များအား အမှတ်တရလက်​ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကိုကျော်(ပြန်/ဆက်)