ရွှေတောင် မေ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များအား နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ( Healthy Life Style )အကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို အ.ထ.က ကြာနီကန်ကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်က ကျန်းမာရေးအသိပညာပေးခြင်း၊ သင်တန်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ကျန်းမာရေးနှင့်ပတ်သက်သောဗဟုသုတများ၊ အခြားနယ်ပယ်ဆိုင်ရာအထွေထွေဗဟုသုတများနှင့် ကျောင်းပြီးချိန်လုပ်ငန်းခွင်သို့ ရောက်ရှိသည့်အခါကောင်းမွန်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ( Healthy Life Style )အကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့်သင်တန်းကို (၂-၅-၂၀၂၄) ရက်နေ့မှ (၃၁-၅-၂၀၂၄) ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၁၀၀) ဦး တက်ရောက်ကြကြောင်း သိရသည်။ ထိုသင်တန်းတွင် ဆယ်ကျော်သက်လူငယ်ဘဝနှင့် စိတ်နေစိတ်ထား၊ ကျန်းမာရေးနှင့်ညီညွတ်သောအပြုအမူများ၊ အစားအသောက်များ၊ လူငယ်နှင့်မူးယစ်းဆေးဝါးအန္တရာယ်၊ ကိုယ်လက်လှုပ်ရှားမှုနှင့်ကျန်းမာရေး၊ HIV အကြောင်းသိကောင်းစရာ၊ မျက်စိအကြောင်းသိကောင်းစရာနှင့်တီဘီရောဂါအကြောင်း၊ ခြင်ကြောင့်ကူးစက်တတ်သောရောဂါများအကြောင်းစသည်တို့ကို တာဝန်ခံဆရာဝန်များ၊ ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများက သင်တန်းနည်းပြအဖြစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်