စစ်ကိုင်း မေ ၇
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာမြင့်မားသည့် လူငယ်၊ လူရွယ်များဖြစ်လာစေရန် ယမန်နေ့၊ မွန်းလွဲပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ဟောပြောဆွေးနွေးခဲ့သည်။
ဟောပြောပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကျောင်းသား/ ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတများရရှိစေရန် စာအုပ်/ စာစောင်များကို လေ့လာဖတ်ရှုကြဖို့လိုကြောင်း၊ စာဖတ်ခြင်းဖြင့်အသိပညာဗဟု သုတများရရှိပြီး အမှား၊ အမှန်ခွဲခြား သိမြင်လာကြမှာဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် စာအုပ်များ အခမဲ့ငှားရမ်းပေးနေသည့်အတွက် လာရောက်ငှားရမ်း ဖတ်ရှုလေ့လာကြပါလို့ ဖိတ်ခေါ်လိုကြောင်း ဟောပြောဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ ကလေးငယ်များ ပျော်ရွှင်မှုရရှိစေရန် နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်စွမ်းရည်နှင့် စကားပုံဆက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရာ ကလေးငယ်များက တစ်ပျော် တစ်ပါး ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည်။
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် စာအုပ်များအခမဲ့ငှားရမ်းပေးခြင်း၊ ကျောင်းသား/ ကျောင်းသူလူငယ်များအား အခြေခံကွန်ပျူတာနှင့် ပန်းချီသင်တန်းများဖွင့်လှစ်ပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အခါအားလျှော်စွာ အသိပညာပေး Talk Show များပြုလုပ်ခြင်းတို့ကို စည်ဆက်မပြတ်ဆောင်ရွက် ပေးနေလျှက်ရှိကြောင်းသိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)