နတ်မောက်မြို့တွင် သက်ကြီးဘိုးဘွားများအား အပူဒဏ်ကာကွယ်ရေး အပူရှောင်စခန်းဖွင့်လှစ်

နတ်မောက် မေ ၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အပူရှောင်စခန်းများကို ယနေ့တွင် မြို့မရပ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် ရွှေဘုံသာဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အပူရှောင်စခန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ရီရီငြိမ်းက ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်နှင့်သတိပြုရမည့် အပူဒဏ်အန္တရာယ်များအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့က အဘိုးအဘွားများအား အချိုရည်ဘူးများ ပေးအပ်ခဲ့ပြီး မြို့နယ်ကျန်းမာရေးဌာနရှိ တာဝန်ကျဆရာမများက အပူရှောင်စခန်းသို့ လာရောက်ကြသည့် အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ရာ အပူရှောင်စခန်း(၂)နေရာသို့ လာရောက်ကြသည့် အဘိုးအဘွားစုစုပေါင်း (၆၀)ဦးခန့်ရှိကြောင်း သိရသည်။

လှဝင်း