ကန့်ဘလူ မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါး ၂၂၃၄၈ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့စိုက်ပျိုးနိုင်ရန် ကန့်ဘလူခရိုင်အတွင်းရှိ သဖန်းဆိပ်ရေလှောင်တမံ၊ ကင်းတပ်ရေလှောင်တမံ၊ သိန်ရင်ရေလှောင်တမံ၊ ပေကြီးရေလှောင်တမံ ၊လင်ပန်းရေလှောင်တမံ၊ မင်းမြင်ရေလှောင်တမံ၊ လျှပ်စစ်ရေတင်၊ ပုဂ္ဂလိကလျှပ်စစ်ရေတင်နှင့် ချောင်းပိတ်/မြောင်းပိတ်ရေတို့ဖြင့် နွေစပါးများစိုက်ပျိုးနိုင်ရန်အတွက် ဆည်ရေများကို ဖေဖော်ဝါရီဒုတိယပတ်က စတင်ပေးဝေခဲ့ရာ ယနေ့အထိ နွေစပါး ၂၂၃၄၈ ဧက စိုက်ပျိုးပြီးစီးခဲ့ခြင်းဖြစ်သည်။
ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် နွေစပါး ၂၂၀၁၄ ဧကနှင့်ကျွန်းလှမြို့နယ်တွင် ၃၃၄ ဧက စုစုပေါင်း ၂၂၃၄၈ ဧကစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး နွေစပါးကို ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့်စပါးစိုက်ဧက တိုးတက်အောင်ဆောင်ရွက်ခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေး အထူးမျိုးကောင်း မျိုးသန့်ထုတ်လုပ်ခြင်း၊ သွင်းအားစုများ စနစ်တကျထည့်သွင်းကာ လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန် စီမံဆောင်ရွက်ခြင်း၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို တိုးတက်သုံးစွဲ လာနိုင်စေရန် ကူညီပံ့ပိုးပေးခြင်းတို့ကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း ကန့်ဘလူခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထို့ပြင် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး၊ မြေဩဇာစနစ်တကျသုံးစွဲနိုင်စေရေး၊ ပိုးမွှားကျရောက်မှုမှ ကာကွယ်နိုင်စေရေးနှင့်တစ်ဧက စပါးအထွက်နှုန်း တိုးတက်စေရေးတို့အတွက်လည်း တောင်သူများကို နည်းစနစ်များပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)