ကျွန်းလှမြို့နယ်၌ ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေ

ကျွန်းလှ မေ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်နွေရာသီစိုက်ပျိုးသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ ကျွန်တော် ဒီနှစ် နွေရာသီမှာချောင်ရေတင်ပြီး ရုံးပတီ ၀ ဒသမ ၂၅ ဧက စိုက်ပျိုးထားပါတယ်။ ကုန်ကျစရိတ်က မျိုးဖိုးအပါဝင် ငွေကျပ် တစ်သိန်းကျော်ကုန်ကျပါတယ်။ အခုအခါ ရုံးပတီသီးတစ်ရက် ၁၀ ပိဿာကျော်ကောက်ယူရရှိပါတယ်။ တစ်ရက်နဲ့ တစ်ရက်အထွက်နှုန်းလည်း ပိုလာပါတယ်။ လက်ရှိအချိန် ရုံးပတီသီးတစ်ပိဿာ ငွေကျပ် ၁၅၀၀ နဲ့ရောင်းရ၍ မိသားစုဝင်ငွေရရှိနေပါတယ်” ဟု ရှမ်းစုကျေးရွာ ရုံးပတီစိုက်တောင်သူ ဦးမျိုးထွန်းကပြောသည်။

ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြေအောက်ရေတင်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများရရှိရေးအတွက် စိုက်ပျိုးရေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)