မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် အောင်လံမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

အောင်လံ မေ ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ သဲအင်းဂူလမ်းရှိ အဆောက်အဦသစ်နေရာ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ မကွေးတိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က အောင်လံမြို့နယ်တရားရုံး အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြို့နယ်တရားရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးတို့သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး နန်းထိုက်ဝင်း ကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူတစ်ဦးက အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခြင်း၊ အထိမ်းအမှတ်တံဆိပ်၊ အထိမ်းအမှတ်အလံငယ်များပေးအပ်ခြင်း၊ အောင်လံမြို့နယ် တရားရုံးမြို့နယ်တရားသူကြီး ဦးစည်သူကျော်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)