သာပေါင်း မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောပွဲများကို ရပ်ကွက်၊ကျေးရွာအုပ်စုများအရောက် စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မေလ ၆ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က သရက်ကုန်း ကျေးရွာအုပ်စုနှင့်မရမ်းချို ကျေးရွာအုပ်စုတို့ ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က သရက်ကုန်းကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် ကျေးရွာနေပြည်သူ (၅၀) ဦး၊မရမ်းချို ကျေးရွာအုပ်စု၊ မရမ်းချိုကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် ကျေးရွာနေပြည်သူ (၁၅၈) ဦးတို့နှင့်တွေ့ဆုံ၍ နိုင်ငံတော်အတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံး ပြည်သူ့စစ်မှုထမ်းရန် တာဝန်ရှိကြောင်း၊ နိုင်ငံတော်ကိုကာကွယ်ရန် နိုင်ငံသားတိုင်းမှာတာဝန်ရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ တရားမဝင်မီဒီယာများ၏ Online ပေါ်တွင် ကောလာဟလလုပ်ကြံသတင်းများ လှုံ့ဆော်နေသကဲ့သို့ စိုးရိမ်ကြောင့်ကြမှု မဖြစ်စေလိုကြောင်း၊ အကျုံးဝင်သူတွေကို မှတ်ပုံတင်ထားမည်ဖြစ်ပြီး ချက်ခြင်းလက်ငင်း အကျုံးဝင်သူအားလုံး ခေါ်ယူမည်မဟုတ်ပါကြောင်းဖြင့် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောပြီး တတ်ရောက်လာကြသော ရပ်ကွက်နေပြည်သူများက သိလိုသည်များ မေးမြန်းကြရာ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)