ခန္တီးမြို့နယ်၌ ရာသီဥတုပြောင်းလဲမှုလျှော့ချဖို့ သစ်တောသစ်ပင် ထိန်းသိမ်းစို့ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောပွဲပြုလုပ်

ခန္တီး မေ ၇

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ယိုယွင်းပျက်စီးလာသည့် သဘာဝပတ်ဝန်းကျင်များနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်အား ပြုပြင်ထိန်းသိမ်းလာတတ်စေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍  ရာသီဥတုပြောင်းလဲမှုလျှော့ချဖို့ သစ်တောသစ်ပင်ထိန်းသိမ်းစို့ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေုပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသီဟထက်အောင်က သစ်တောသစ်ပင်များကို ချစ်မြတ်နိုးလာတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းကာကွယ်လိုစိတ်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသိန်းနိုင်ထွန်းက ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ကျရောက်လာသော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍လည်းကောင်း၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ သစ်တောသစ်ပင်များကို ထိန်းသိမ်းကာကွယ်သင့်သည့်အချက်များနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဒေသခံပြည်သူများ (၅၅) ဦးတက်ရောက်ခဲ့ကြပြီး စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)