စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက် သတ္တပတ် အထိမ်းအမှတ် အခမ်းအနားကျင်းပ

မုံရွာ မေ ၇

၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် အခမ်းအနားကို မေလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကာကွယ်ဆေးထိုးနှံမည့် ကလေးငယ်များနှင့် မိခင်များတက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား၏ ဆောင်ပုဒ်သည်ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဖြင့် ကာကွယ်၍ရသည့် ရောဂါများကြောင့် သေဆုံးမှုအားလျော့ချပြီး ကလေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်း ဖြစ်ပါ ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည် နှစ်စဉ်အသက်ပေါင်းများစွာအား ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာ့လုံးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်လာမှု၏ အောင်မြင်မှုပြယုဂ်ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ခြင်းဖြင့် ပိုမိုကျန်းမာပျော်ရွှင်သည့် မိသားစုဘဝများအား ပိုင်ဆိုင်နိုင် ကြမှာဖြစ်ပြီး ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန်ကျန်ရှိခဲ့သည့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားလုံးကို မည်သည့်ဒေသတွင် မှီတင်းနေထိုင်သည်ဖြစ်စေ လိုအပ်သည့် ကာကွယ်ဆေးများထိုးနှံပေးနိုင်ရန် ကျန်းမာရေးဦးစီးဌာန၏ ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသည့် အသက် ၁ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးနေမှုများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများမှ ကလေးငယ်များနှင့်မိခင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)