စလင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

စလင်း မေ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။

ရှေးဦးစွာ စလင်းမြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်  ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော် ကူညီဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းစီမံကိန်းများ၊ အဓိကစိုက်ပျိုးသီးနှံများ၊ လယ်ယာကဏ္ဍ၊ အသားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် စည်ပင်ကဏ္ဍတို့အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်  ကျေးရွာအုပ်စုများကို  ပေးအပ်ခဲ့သည်။

ထို့နောက် စလင်းမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆန်းယုဝင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လအထိ စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လအထိ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ရေးဆွဲထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

စလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်းများအတွက် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေကျပ် သန်း ၄၃၅၃.၃၆ သန်းဖြင့်  ဦးစီးဌာန (၈)ခုမှ  လုပ်ငန်းများနှင့် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်း ၃၃၅၇.၄၀၇ သန်းဖြင့် ဌာနကြီး (၈)ဌာန၏ လုပ်ငန်းများကို စုစုပေါင်းရန်ပုံငွေကျပ်သန်း ၇၇၁၀.၄၄၃ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန်  လျာထားကြောင်း သိရသည်။

မောင်လွင်