သံတောင်ကြီး မေ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ လက်ဖက်၊ ကော်ဖီ၊ ရော်ဘာဖာလာ၊ ဒူးရင်း၊ မင်းကွတ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တညင်းပင်များကို တစ်ပိုင်တစ်နိုင်စီးပွားရေးအတွက် စိုက်ပျိုးကြပြီး ယခု မေလပထမပတ်တွင် ပေါ်ဦးပေါ်ဖျား တညင်း သီးများ ဈေးကောင်းရရှိကြောင်း သိရသည်။
အဆိုပါ တညင်းပင်များမှာ နှစ်ရှည်ပင်ဖြစ်ပြီး စိုက်ပျိုးပြီး(၇)နှစ်ခန့်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး အချို့အပင်ကြီးများမှာ အမြင့်ပေ (၄၀)ခန့် ပင်စည်လုံးပတ် (၅)ပေခန့်အထိရှိသည်။ တညင်းပင်များမှာ ဉယျာဉ်ခြံများအတွင်းတွင် သဘာဝအတိုင်း ပေါက်ရောက်ခြင်းရှိသကဲ့သို့ စိုက်ပျိုးခြင်းများလည်းရှိသည်။ သံတောင်ကြီးဒေသထွက် တညင်းသီးများကို တောင်ငူမြို့ရှိ တညင်းသီးအဝယ်ဒိုင်များထံတွင် သွားရောက် ရောင်းချပြီး တညင်းသီးအခွံချွတ်(၁)ပုံးလျှင် ကျပ်၂၈၀၀၀ မှ ကျပ်၃၀၀၀၀ အထိ ရရှိခဲ့ကြောင်းတညင်းသီး စိုက်ပျိုး လုပ်ကိုင်သူ တောင်သူဦးကညောထံက သိရသည်။
နော်နော်မူ