လှိုင်းဘွဲမြို့နယ်၌ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကျင်းပ

လှိုင်းဘွဲ မေ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ဂုဏ်ဆောင်လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)၏ တပ်ရင်းတပ်ဖွဲ့များ၊   မြို့မိ၊မြို့ဖများနှင့်ပညာရေးမိသားစုများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန်ရွေးချယ်ခြင်းခံရသည့် လှိုင်းဘွဲမြို့နယ်ကိုယ်စားပြု နှစ်ထပ်ကွမ်းလူရည်ချွန်များဖြစ်ကြသည့် အ.ထ.က(လှိုင်းဘွဲ)မှ Grade-10 ကျောင်းသား မောင်ဟိန်းကျော်စွာ၊ အ.ထ.က(ရွှေဂွန်း)မှ Grade-10 ကျောင်းသူ နော်မိုးကဗျာမောင်၊ တစ်ထပ်ကွမ်းလူရည်ချွန် အ.ထ.က(ရွှေဂွန်း)မှ Grade-11 ကျောင်းသူ မခိုင်ခိုင်မော်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်တို့က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ထို့နောက် လှိုင်းလွဲမြို့နယ်ဂုဏ်ကိုဆောင်ယူပေးခဲ့ကြသော လူရည်ချွန်မောင်မယ်(၃)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက တစ်ဦးလျှင် ငွေ(၃)သိန်းကျပ်ကို ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ လူရည်ချွန်မောင်မယ်များက၎င်းတို့၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာ လူရည်ချွန်စခန်းအသီးသီးတို့မှ  လေ့လာရေးခရီးစဉ် အတွေ့အကြုံမှတ်တမ်းများကို Power Pointဖြင့် ရှင်းလင်းတင်ပြပေးခဲ့ကြသည်။

ကရင်ပြည်နယ်တွင် လူရည်ချွန်ဆုအဖြင့် အလယ်တန်းအဆင့် Grade-9 အတွက်(၂)ဦး၊ အထက်တန်းအဆင့် Grade-10 အတွက်(၂)ဦး၊ Grade-11 အတွက်(၂)ဦး၊ Grade-12 အတွက်(၂)ဦး စုစုပေါင်း(၈)ဦး ရွေးချယ်ခံရပြီး လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာကြသော လှိုင်းဘွဲမြို့နယ်ကိုယ်စားပြု လူရည်ချွန်မောင်မယ်(၃)ဦးတို့အား မြို့သူ၊ မြို့သားများ၊ ကျောင်းသား၊ ကျောင်းသူလေးများက မြို့တွင်းတစ်လျှောက် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)