ငပုတောမြို့နယ် သက္ကာယ်ချောင်းကျေးရွာ၌ မိုးစပါးရေတော်မိုးတော် စိုက်ဧရိယာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ငပုတော မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သက္ကာယ်ချောင်းကျေးရွာ၌ မိုးစပါးရေတော်မိုးတော်စိုက်ဧရိယာတွင် သစ်စိမ်းမြေဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲအခမ်းအနားနှင့် ကြဲပက်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သက္ကာယ်ချောင်းကျေးရွာ ကွင်းအမှတ် (၁၃၆၆) (ဘီ) ဦးပိုင်အမှတ် (၃၁/၄) တောင်သူ ဦးမောင်မောင်စိုး၏ လယ်မြေ (၅.၀၀) ဧကတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဦးထွန်းမျိုးသန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းနှင့် ဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်နှင့် လိုအပ်သောအဟာရဓာတ်များ ရရှိစေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ စိုက်ပျိုးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို တောင်သူများထံပေးအပ်ကာ ပိုက်ဆံလျှော်မျိုးစေ့များကို တာဝန်ရှိသူများနှင့်အတူ စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)