မြိတ် မေ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် အပတ်စဉ်(၁၁) ဘက်စုံသားဖွား ဒီပလိုမာသင်တန်းသူများအား ဦးဆောင်းအပ်နှင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ဦးဆောင်းဆိုသည်မှာ သူနာပြု/သားဖွားလောက၏ အဆောင်အယောင် အမှတ်လက္ခဏာတစ်ခု ဖြစ်ကြောင်း၊ ဦးဆောင်းကိုလက်ခံရရှိသည့် သင်တန်းသူများသည် သားဖွားအတတ်ပညာနှင့် ပတ်သက်သည်များကို သိသင့်သောအခြေခံဗဟုသုတများနှင့် သားဖွားဆရာမတစ်ယောက်တွင်ရှိရမည့် မှန်ကန်သည့်ခံယူချက် သဘောတရားများကို လေ့လာဆည်းပူးခဲ့ပြီးဖြစ်ကာ သင်ကြားမှု၊ လေ့ကျင့်မှုများခံယူပြီးစာမေးပွဲဖြေဆိုအောင်မြင်၍ သားဖွားဆရာမ ဖြစ်ထိုက်သူများအဖြစ် သတ်မှတ်ခြင်းခံရသူများကိုသာ ဦးဆောင်းပေးအပ်ခြင်းဖြစ်ကြောင်း သင်တန်းကျောင်းမှ သိရသည်။
ဦးဆောင်အပ်နှင်းပွဲ၌ ခရိုင်ကုသရေးဦးစီးဌာနမှူး ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး သားဖွားသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ယုယုမော်က ဦးဆောင်းပေးအပ်ခြင်း၏ အနက်အဓိပ္ပါယ်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်စုံသားဖွားဒီပလိုမာ အပတ်စဉ်(၁၁) သင်တန်းသူများကို ကျောင်းအုပ်၊ သူနာပြုအုပ်နှင့် တာဝန်ခံသူနာပြုဆရာမကြီးများမှ ဦးဆောင်းများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသူများက လက်ဆင့်ကမ်း ဆီမီးတိုင်များကို ထွန်းညှိ၍ သူနာပြုသစ္စာ အဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် ပထမနှစ် ဘက်စုံသားဖွားဒီပလိုမာစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သင်တန်းသူများအား ခရိုင်ကုသရေးဦးစီးဌာနမှူးက ပညာရည် ချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယနှစ် ဘက်စုံသားဖွားဒီပလိုမာသင်တန်းသူများမှ “ဂရုဏာအလင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)