ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး ၁၂၇၁ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ငဖဲ မေ ၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါးစိုက်ပျိုးရန် ဧက ၅၀၀ လျာထားခဲ့ရာ ၁၂၇၁ ဧကစိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်အတွင်း ယခင်နှစ်က နွေစပါးစိုက်ပျိုးရန် ဆည်ရေလုံလောက်စွာ ပေးဝေနိုင်ခဲ့သော်လည်း အခြားနွေသီးနှံ စိုက်ပျိုးမှုများပြားကာ နွေစပါးကို(၅၂)ဧကသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ် နွေစပါးကိုကျေးရွာအုပ်စု(၁၀)အုပ်စုရှိ ကွင်းပေါင်း(၁၅)ကွင်းတွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် မနောသုခ(၃၀၄)ဧက၊ ဆင်းသုခ(၈၄၀)ဧက၊ ရတနာတိုး (၆)ဧကနှင့်  စာပိုးသာ (၁၂၁)ဧက စုစုပေါင်း (၁၂၇၁)ဧက စိုက်ပျိုးပြီး ဒေသခံတောင်သူများအနေဖြင့် မနောသုခနှင့် ဆင်းသုခမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

ငဖဲမြို့နယ်အနေဖြင့် နွေစပါးများ စိုက်ပျိုးထုတ်လုပ်ကြရာတွင် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရေး၊ သွင်းအားစုများ ထည့်သွင်းမှုမှန်ကန်ရေးနှင့် စိုက်ပျိုးရိတ်သိမ်းရာတွင် စက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုဆောင်ရွက်နိုင်ရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းနှင့် ကွင်းဝန်ထမ်းများ၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးငြိမ်းချမ်းနှင့် ကွင်းဝန်ထမ်းများက စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းကောင်းများကို တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)