မိုးညို မေ ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၇ နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းအုပ်စု၊ မှက္ကတန်ကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်သန္တာဦးလွင်က ဌာန၏ရည်ရွယ်ချက်နှင့် သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သဘာဝဘေးနှင့်ပတ်သက်သည့် မိုးကြိုကာလတွင်ဖြစ်ပေါ်တတ်သောလေပြင်းဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်သိကောင်းစရာဆောင်ရန်/ရှောင်ရန်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူးဦးရဲမာန်ဦးက ပျက်စီးဆုံးရှုံးများအလိုက် သတ်မှတ်ထားသောနှုန်းထားများဖြင့် ထောက်ပံ့ပေးနေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးကျော်ရဲအောင်က မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကြုံတွေ့လာပါက အချိန်မီသတင်းပေးပို့နိုင်ရေးအားပြောကြားခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးဟန်က စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအား အသိပညာပေးပြောကြားပြီးကျေးရွာအတွက် မိုးကြိုးဘေးသိကောင်းစရာဗီနိုင်းပိုစတာအား ပေးအပ်ခဲ့ပြီးတက်ရောက်လာသူများအား သဘာဝဘေး (၉) မျိုး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှပြသထားသော လူကုန်ကူးမှုဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ပြသထားရာတက်ရောက်လာသူများက ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဟောပြာပွဲသို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)