ထားဝယ် မေ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က အဏ္ဏဝါပင်လယ်ပတ်ဝန်းကျင်သည် လူသားများအားလုံးအတွက် အသက်ရှင်ရေး စားဝတ်နေရေး၊ ကျန်းမာရေး၊ ရာသီဥတု၊ အဖိုးတန် သယံဇာတဖြစ်ပြီး ပင်လယ်ပြင်သို့ ရောက်ရှိသွားသော ပလတ်စတစ်များသည် ပင်လယ်ပြင်ဂေဟစနစ်နှင့် လူသား၊ သက်ရှိများအပေါ် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပြီးထိခိုက်စေနိုင်သောကြောင့် အခုအချိန်မှစ၍ ညစ်ညမ်းမှုဖြစ်စေသော အပြုအမူများကို ရှောင်ကြဉ်ခြင်းဖြင့် နောင်အနာဂတ်မျိုးဆက်များအတွက် ဝိုင်းဝန်းစောင့်ထိန်းကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်ခင်လဲ့က အဏ္ဏဝါပတ်ဝန်းကျင်နှင့် အဏ္ဏဝါပတ်ဝန်းကျင်မှ ရရှိနိုင်သောအကျိုးကျေးဇူးများအကြောင်း၊ အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်ပေါ်ရခြင်း အဓိကအရင်းအမြစ်များအကြောင်း၊ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများအကြောင်း၊ အဏ္ဏဝါပတ်ဝန်းကျင် လက်ရှိနှင့် အနာဂတ်အခြေအနေများအကြောင်း၊ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုအန္တရာယ် ထိန်းချုပ်ဆောင်ရွက်ခြင်း အကြောင်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)