နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့မပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၈၈၀၀၀)ကျော် ပျိုးထောင်ထားရှိ

နတ်မောက် မေ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့သစ်-နတ်မောက် ကားလမ်းဘေး မိုင်တိုင်အမှတ်(၂၇)အနီးရှိ မြို့နယ်သစ်တောဦးစီးဌာနက ပျိုးထောင်ထားသည့် မြို့မပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း (၈၈၀၀၀)ကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။

ထိုသို့ ပျိုးထောင်ထားရာတွင် မြို့နယ်သစ်တောဦးစီးဌာနက ဒေသတွင်း စိမ်းလန်းစိုပြည်သာယာလှပလာစေပြီး ရာသီဉတုပြောင်းလဲဖောက်ပြန်မှုများကို ကာကွယ်နိုင်ရန်၊ ကျေးလက်နေပြည်သူများအတွက် မဖြစ်မနေလိုအပ်လာမည့် ထင်း/လောင်စာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ သစ်တောသစ်ပင်များနဲ့ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ် တည်တံ့လာစေပြီး သက်ရှိများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်လာစေရန် ရည်ရွယ်၍ ဒေသအတွင်း သစ်ပင်သစ်တောကျဲပါးတဲ့နေရာတွေမှာ Green Cover တိုးတက်လာစေရန် ကွက်လပ်ဖြည့်စိုက်ခင်းများ စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲ/ယာများမှာ အရိပ်ရလေကာတန်းပင်များ စိုက်ပျိုးခြင်း၊ ကျေးလက်နေပြည်သူများအတွက် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ပေးခြင်းတွေမှာ စိုက်ပျိုးသွားမည်ဖြစ်ပြီး မြို့မပျိုးဥယျာဉ်အတွင်း ပိတောက်၊ ယင်းမာ၊ တမာ၊ ရေတမာဆီသပြေ၊ ကံ့ကော်စသည့် သစ်မျိုး(၁၄)မျိုး ပျိုးထောင်ထားရှိကာ ၂၀၂၄ မိုးရာသီတွင် ဒေသအတွင်းရှိ ပြည်သူများအား ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း