ဒေးဒရဲမြို့၌ လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့် ဆောင်ရွက်နိုင်ရေး ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် သင်တန်းဖွင့်လှစ် ပို့ချပေးလျက်ရှိ

ဒေးဒရဲ မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများပိုမိုရရှိစေရန် လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ (Healthly Life Style) အကြောင်း၊ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် သင်တန်းပို့ချမှုအား ယနေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်းက နွေရာသီကာလ ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိနိုင်စေရေးအတွက်  ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ကျန်းမာရေးဆိုင်ရာ အသိပညာများကို ဟောပြောသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်းတိုးမြှင့်ဆောင်ရွက်နိုင်ရေး ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် သင်တန်းပို့ချခြင်းကို ၂၀၂၄ ခုနှစ် ဧပြီလ (၂၆) ရက်နေ့မှ မေလ (၂၄) ရက်နေ့အထိ တစ်ရက်လျင် (၂) နာရီ၊ ရက်သတ္တပတ်လျင် (၅)ရက်နှုန်းဖြင့် စုစုပေါင်း နာရီ (၄၀) ကြာ အာဟာရဖွံ့ဖြိုးရေး၊ ကူးစက်တတ်သော ရောဂါများကာကွယ်နှိမ်နှင်းရေး၊ ကာယနှင့် အားကစား၊ ထိခိုက်ဒဏ်ရာများကုသခြင်း၊ စိတ်ကျန်းမာရေး မတော်တဆဖြစ်ရပ်များနှင့် မကူးစက်တတ်သော ရောဂါများအကြောင်းကို power point၊  အပြန်အလှန်ဆွေးနွေးခြင်း၊ မေးခွန်းများ အမေးအဖြေ ပြုလုပ်ခြင်း၊ Game ကစားခြင်း၊ သရုပ်ပြသခြင်း စသည့် သင်ရိုးညွှန်းတမ်းများဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဆိုင်ရာ  အချက်အလက်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း