ဘိုကလေးမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့်အတူ ကြဲပက်ခြင်းဆောင်ရွက်

ဘိုကလေး မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရေတော်မိုးတော်ဧကများ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၇၂-ခ)၊ ဦးပိုင်အမှတ်(၁၂၈)ရှိ ဦးငြိမ်း၏ လယ်ယာမြေ(၅)ဧက၌ လည်းကောင်း၊ နံနက်(၉)နာရီ အချိန်၌ သာပေါင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၇၀)၊ ဦးပိုင်အမှတ်(၇၂)ရှိ ဦးစံသောင်း၏ (၁၁)ဧက လယ်ယာမြေ၌လည်းကောင်း ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး တက်ရောက်ကြသူများအားလုံး စုပေါင်း၍ လယ်ယာမြေများအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ကြဲပက်ခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက ဒေသခံတောင်သူများအား ၎င်းတို့၏ လယ်ယာမြေများအတွင်း သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့ထည့်သွင်းစိုက်ပျိုးနိုင်ရန် မျိုးစေ့များပေးအပ် ခဲ့ကြောင်းနှင့် လယ်ယာမြေများအတွင်း သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့ထည့်သွင်းစိုက်ပျိူးခြင်းဖြင့် မြေတွင်းအာဟာရဓာတ် ကြွယ်ဝစေ၍ မြေဩဇာအဖြစ် အသုံးပြုနိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးခြင်း၊ ပိုးမွှားကျရောက်မှုကို တားဆီးပေးခြင်း၊ သီးနှံအထွက်နှုန်းတိုးတက်ခြင်း၊ ဓာတ်မြေဩဇာစရိတ် လျှော့ချနိုင်ခြင်း၊ မျိုးအဖြစ်ထုတ်လုပ်ပါက အပိုဝင်ငွေရရှိနိုင်ခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးစက်(ဘိုကလေး)