ဘားအံ မေ ၆
“ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့်အသက်ကယ်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် ပြည်နယ်အဆင့်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဘားအံပြည်သူ့ဆေးရုံကြီး၊ တိုးချဲ့(၃)ထပ်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်သူတစ်ရပ်လုံးအား လိုအပ်သောကာကွယ်ဆေးများကို သတ်မှတ်ချက်အတိုင်း အသက်အရွယ်အလိုက် အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးထားခြင်းအားဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကို ကာကွယ်နိုင်ကြောင်း၊ ကလေးများ၏အနာဂတ်လှပစေရေးအတွက် အသက်အရွယ်အလိုက်ထိုးနှံတိုက်ကျွေးရမည့် ကာကွယ်ဆေးများ တစ်ယောက်မကျန် ထိုးနှံတိုက်ကျွေးရေးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အားလုံးဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အထိမ်းအမှတ် Video Clip ကို အတူတကွကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေးခဲ့ကြပြီး အာဟာရဖြည့်စွက်အစားအစာများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာ အပန်းဖြေစခန်းများမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်/မယ်များ၏ အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ လူရည်ချွန်မောင်/မယ်များက လူရည်ချွန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ရွေးချယ်ခံရထားပြီးဖြစ်သော လူရည်ချွန်မောင်မယ်များအနေဖြင့်လည်း တိုင်းပြည်၏ရတနာ၊ ပြည်နယ်၏သားကောင်းသမီးမွန်များအဖြစ် ဆက်လက်ကြိုးစားပြီး စံပြလူငယ်လေးများအောင် နေထိုင်ကြိုးစားကြဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာ လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်/မယ်များက ခရီးစဉ်အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက လူရည်ချွန်မောင်/မယ်များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ ကြီးကြပ်ဆရာ၊ ဆရာမများက ပြည်နယ်ဝန်ကြီးချုပ်အား အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ လူရည်ချွန်မောင်မယ်များနှင့် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ လူရည်ချွန်မောင်/မယ်များအား နေ့လည်စာဖြင့် ဂုဏ်ပြုတည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)