ကျွန်းလှ မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေစပါး ဧက ၃၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ ကျွန်းလှမြို့နယ်မှာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ ဒီနှစ်နွေစပါးစိုက်ပျိုးဖို့ ၁၆၆ ဧက လျာထားသော်လည်း လက်ရှိအချိန်ထိ ၃၃၄ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ နွေစပါးစိုက်ပျိုးရာမှာ သဖန်းဆိပ်ဆည်ရေကျနဲ့ ချောင်းရေ၊ မြေအောက်ရေတင်ပြီး စိုက်ပျိုးကြပါတယ်။ တောင်သူတွေ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ နွေစပါးစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် သက်တမ်းတိုစပါးမျိုးရရှိရေး ဆောင်ရွက်ပေးခြင်း၊ သိပ္ပံနည်းကျစိုက်နည်းစနစ်လိုက်နာကျင့်သုံးရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုကျရောစပ်ပြီး အချိန်ကိုက်သုံးစွဲရေး၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း၊ ယူရီးယားဓာတ်မြေဩဇာများ ဈေးချိုသာစွာဖြန့်ဖြူးရောင်းချခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)