ချောက်မြို့နယ် အပူရှောင်စခန်း၌ အသိပညာပေးဟောပြော

ချောက် မေ ၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို အုံမြားကြီးကျေးရွာ အပူရှောင်စခန်း၌ ယမန်နေ့ နံနက်ပိုင်းကဆောင်ရွက်လျက်ရှိ​​ကြောင်း သိရသည်။

မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် လေပြင်းဘေး၊ မိုးကြိုးဘေးများကို အသိညာပေးဟောပြောခဲ့ပြီး အပူဒဏ်ရှောင်သူများအား ဓာတ်ဆားရည်အဖြစ် ရွှိင်ရယ်ဒီထောက်ပံ့ပေး​ခြင်းများ ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အုံမြားကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ရွာရှိ ပြည်သူများအား အသံချဲ့စက်ဖြင့် အပူဒဏ်မှကာကွယ်ရန် အပူဒဏ်အန္တရာယ်အထူးသတိပြုရမည့်သူများ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဥ်ရမည့်အချက်များကို အသိ​ပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်​ပေးခဲ့ကြောင်းသိရသည်။ အုံမြားကြီးကျေးရွာ အပူရှောင်စခန်းတွင် အပူရှောင်လာသူ ( ၆၀)  ဦးရှိကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)