ပေါင်းတည်၌ အန္တရာယ်ဖြစ်နိုင်ခြေသတိပြုခြင်းနှင့် ဘေးကင်းစွာနေထိုင်ခြင်းအကြောင်း အသိပညာပေးဟောပြော

                ပေါင်းတည် မေ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက အန္တရာယ်ဖြစ်နိုင်ခြေသတိပြုခြင်းနှင့် ဘေးကင်းစွာနေထိုင်ခြင်းအကြောင်း အသိပညာပေးဟောပြောပွဲကို အ.ထ.က(မြို့မ) ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်လက်ထောက်ပညာရေးမှူးဦးမြင့်စိုး၊ အ.ထ.က(မြို့မ)ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဌေးနှင့် ဆရာ၊ ဆရာများ၊ ကျောင်းသား ၊ကျောင်းသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း ၇၅ ဦး တက်ရောက်ကြသည်။

ပထမဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် အ-ထ-က(မြို့မ)ကျောင်းအုပ်ဆရာမကြီးတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လတ်တလောဖြစ်ပွားနေသောအခြေအနေနှင့် နောက်ဆက်တွဲကြုံတွေ့နိုင်သည့် မိုင်းအန္တရာယ်နှင့်အခြားဖြစ်နိုင်ခြေများကို သတိပြုနိုင်ရန်နှင့်ဘေးကင်းစွာသွားလာနေထိုင်ရမည့်ဆောင်ရန်၊ ရှောင်ရန်များနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူ လူငယ်လေးများအား ဖြန့်ဝေပေးကာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက အသိပညာပေးဟောပြောသည်။

ယင်းနောက် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာရှောင်ရန်၊​ ဆောင်ရန်များကို ဥပမာပုံစံရုပ်ပုံများနှင့်တကွရှင်းလင်းပြသကာ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများနှင့် အပြန်အလှန်မေးမြန်းခြင်း၊ ဖြေဆိုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သူရကြီး(ပေါင်းတည်)