ညောင်လေးပင်မြို့နယ်၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်(၂၀၂၄-ခုနှစ်) အထိမ်းအမှတ် ကလေးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနား ကျင်းပ

ညောင်လေးပင်မြို့ မေ ၆

ပဲခူးတိုင်းဒေသကြီး၊ ​ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄-ခုနှစ်) အထိမ်း အမှတ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉:၃၀) အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး ညောင်လေးပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ‌စောကလျာက ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ဆောင်ပုဒ်ဖြစ်သည့် “ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆောင်ပုဒ်နှင့်အညီ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကာကွယ်ဆေးထိုးနှံတိုက်​ကျွေးခြင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့၀င်များက အသက်(၂)နှစ်အောက် ကလေးများအား ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအားလိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)