စစ်ကိုင်း မေ ၆
စစ်ကိုင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ အခမ်းအနားကို မေ(၅) ရက်၊ နံနက်(၁၀)နာရီက စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၂၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကြိုက်နှစ်သက်ရာခေါင်းစဉ်တစ်ခုဖြင့်သာ ဖြေဆိုရေးဆွဲရမည်ဖြစ်ရာ အဆိုပါ ခေါင်းစည်များမှာ “မူးယစ်ရန်စွယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ”၊ “ မူးယစ်ဆေးဝါး ကာကွယ်ရေး အသိပညာမြှင့်တင်ပေး”၊ “ မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန် မျိုးဗီဇ”၊ “ဉာဏ်ရည်လည်းရှုံး လူညွှန့်တုံး စည်းလုံးတိုက်ပစ် ထိုမူးယစ်”၊ “လူ့ဘောင်သာယာ လှပဖို့ နွေးထွေး ပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူ ကူညီစို့”၊ “ မူးယစ်ကင်းကွာ ပပျောက်ဖို့ လူကြီးလူငယ် လက်တွဲစို့”၊ “ ခွဲခြားနှိပ်စက်ကင်းစင်ဝေး ကာကွယ်ရေးကို အလေးပေးလူသားအားလုံးကျန်းမာရေး”၊ စသည့် ခေါင်း စဉ်များဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရာ ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဇွန်(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၇) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများ အသီးသီးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)