ဟားခါး မေ ၆
(၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို မေလ ၅ ရက် နံနက် ၉ နာရီ က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်၊ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ဟာ တိုင်းရင်းသားမိဘပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်အမျိုးမျိုးတို့မှ ခေတ်အဆက်ဆက်ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ (၇၈) နှစ်မြောက်ဖြစ်ကြောင်း၊ မီးသတ်လုပ်ငန်းဟာ အန္တရာယ်များသည့်အတွက် စွန့်လွှတ်မှု၊ စွန့်စားမှုနှင့် အသက်နှင့်ခန္ဓာကိုယ်ကိုပေးဆပ်ပြီး လုပ်ရသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ပေးဆပ်မှုအနည်းဆုံးဖြစ်ရန် မိမိအလုပ်ကို ကျွမ်းကျင်မှုရှိရန်လိုအပ်ပြီး ကျွမ်းကျင်မှုရှိအောင်လည်း အကြိမ်ကြိမ်လေ့ကျင့်ရန် လိုအပ်ပါကြောင်းနှင့် စွန့်လွှတ်စွန့်စားသွားကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး နောင်နှစ်ပေါင်းများစွာ မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ချမ်းသာကို စောင့်ရှောက်ကာကွယ်နိုင်သည့် တပ်ဖွဲ့ကြီးအဖြစ်အဓွန့်ရှည်အောင် ကြိုးစားတည်ဆောက်သွားကြပါလို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်းဖြင့် အဖွင့်မိန့်ခွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့် မီးသတ်စခန်း စံပြပထမဆုရရှိသည့် ဖလမ်းမြို့နယ်မီးသတ်ဦးစီးမှူးရုံးအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကလည်းကောင်း ၊ ပြည်နယ်အဆင့် မီးသတ်စခန်းစံပြဒုတိယဆုရရှိသည့် တီးတိန်မြို့နယ်မီးသတ်ဦးစီးမှူးရုံးအား ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း ၊ ပြည်နယ်အဆင့် မီးသတ်စခန်း စံပြတတိယဆုရရှိသည့် တွန်းဇံမြို့နယ်မီးသတ်ဦးစီးမှူးရုံးအား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ပေးပို့သည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ Video Clip အား ပြသပြီး အခမ်းအနားရုပ်သိမ်းကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့တက်ရောက်လာကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်တက်လမ်း