ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူစစ်ဆေးခြင်း အခမ်းအနားကျင်းပ

ပခုက္ကူ မေ ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူစစ်ဆေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ အဖွဲ့ရုံးခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားတွင် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းက တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သန်းသန်းစိုးက အိတ်ဖွင့်တင်ဒါ တင်သွင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ရှင်းလင်းပြောကြားပြီး တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဝင်များက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် (အုတ်၊ သဲ၊ ကျောက်စရစ်) များအတွက် ကုမ္ပဏီများ၏ နည်းပညာနှင့် ငွေကြေးဆိုင်ရာ အဆိုပြုလွှာများအား ဖွင့်ဖောက်စစ်ဆေးခြင်း၊ အကဲဖြတ်အမှတ်ပေးခြင်း၊ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)