ရေတာရှည်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင် သင်တန်းဖွင့်လှစ်

ရေတာရှည် မေ ၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ခင်တန်းကြီးကျေးရွာအုပ်စု၊ နတ်ရေတွင်းကျေးရွာ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးမြင့်အောင်က ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန်အတွက်ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းပြောကြားပြီး သင်တန်းနည်းပြဆရာမှ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်း၌လိုအပ်သည့် သင်ထောက်ကူပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် တာဝန်ရှိသူများကပေးအပ်ရာ သင်တန်းသားများက လက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါ ဆိုင်ကယ်ပြင်သင်တန်းကို မေလ ၆ ရက်မှ ၁၅ ရက်နေ့အထိ ၁၀ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ ခင်တန်းကြီးကျေးရွာအုပ်စု၊ နေပူကုန်းကျေးရွာအုပ်စု၊ ဝါးရုံတောကျေးရွာအုပ်စု၊ ဘိုးတော်ကုန်းကျေးရွာအုပ်စုတို့မှ သင်တန်းသား ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းနည်းပြ ဆရာ ၂ ဦးမှ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)