ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေ‌သီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများကို မျိုးကောင်းမျိုးသန့် မျိုးစေ့များ အဆင်ပြေစွာ ဖြန့်ဖြူးပေးနိုင်ရန် ဆီထွက်သီးနှံ နှမ်းမျိုးစေ့ထုတ်စိုက်ခင်း (၅) ဧက စိုက်ပျိုး ဆောင်ရွက်ထားရှိပြီး အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ မေ ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)က ယခု ၂၀၂၄-၂၀၂၅ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများကို ဆီထွက်သီးနှံနှမ်း မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရန်အတွက် နှမ်းမျိုးကွဲဖြစ်သည့် ဆင်းရတနာ (၄) နှင့် သိပ္ပံနှမ်းနက်  မျိုးစေ့ထုတ် စိုက်ခင်း (၅) ဧက အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်းနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တာဝန်ခံ ဦးအောင်ချစ်ထံက သိရသည်။

ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံတောင်သူများကို သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နှစ်စဉ် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းများဖြစ်သည့် စပါး၊ နေကြာ၊ နှမ်း၊ ကုလားပဲ သီးနှံနှင့် ပိုက်ဆံလျှော်(သစ်စိမ်း) သဘာဝမြေသဇာတို့ကို စိုက်ပျိုး၍ မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိရာ အဆိုပါ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရာတွင် မျိုးသန့်ခြံဝန်းရှိ စိုက်ပျိုးလယ်မြေဧက (၁၂၀) ဧကတွင် စနစ်တကျ စိုက်ပျိုးပြီး ထွက်ရှိလာသော သီးနှံမျိုးစေ့များကို စနစ်တကျ မျိုးသန့်မျိုးစေ့ထုတ်လုပ်ကာ တိုင်းဒေသကြီးအတွင်းရှိ မျိုးစေ့လိုအပ်သည့် ဒေသခံ တောင်သူများကို လုံလောက်စွာ ဖြန့်ဖြူးဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

“ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)အနေနဲ့ ယခု ၂၀၂၄-၂၀၂၅ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများကို ဆီထွက်သီးနှံနှမ်း မျိုးကောင်းမျိုးသန့် မျိုးစေ့များ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး မျိုးသန့်ခြံရှိ စိုက်ပျိုးလယ်မြေမှာ  နှမ်းမျိုးကွဲ (၂) မျိုးဖြစ်တဲ့ ဆင်းရတနာ (၄) မျိုးစေ့ထုတ်စိုက်ခင်း (၂) ဧက၊ သိပ္ပံနှမ်းနက် မျိုးစေ့ထုတ်စိုက်ခင်း (၃) ဧက၊ စုစုပေါင်း (၅) ဧက စိုက်ပျိုးဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ အဲဒီ  မျိုးစေ့ထုတ်သီးနှံ စိုက်ပျိုးခြင်းကို ယခုနှစ် မတ်လဆန်းမှစပြီး  အကောင်အထည်ဖော် စိုက်ပျိုးခဲ့ပါတယ်။ ယခုဆိုရင် စိုက်ပျိုးထားရှိပြီးဖြစ်တဲ့ မျိုးစေ့ထုတ် နှမ်းစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီးတော့ စိုက်ခင်းများအလိုက် မျိုးစေ့အရည်အသွေးနဲ့ ပန်းတိုင်အထွက်နှုန်းများ  ရရှိဖို့အတွက် လိုအပ်တဲ့ ပေါင်းနုတ်ခြင်း၊ မြေဩဇာကျွေးခြင်း၊ မျိုးကွဲပယ်ခြင်းစတဲ့ လုပ်ငန်းတွေကို ကြိုးပမ်းလုပ်ဆောင် လျက်ရှိပါတယ်။ မျိုးစေ့ထုတ်စိုက်ခင်းများမှ ထွက်ရှိလာမယ့် နှမ်းမျိုးတွေကို မျိုးသန့်စင်စက်ဖြင့် စနစ်တကျ မျိုးသန့်စင်ပြီး ဒေသတွင်းရှိ တောင်သူဦးကြီးများနဲ့ တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများကို ထုတ်လုပ်ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တာဝန်ခံ ဦးအောင်ချစ်က ပြောသည်။

ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)အနေဖြင့် နှစ်စဉ် ဒေသတွင်းရှိ တောင်သူများကို စပါးမျိုးကောင်း မျိုးသန့်မျိုးစေ့၊ ဆီထွက်သီးနှံဖြစ်တဲ့ နေကြာ၊ နှမ်း မျိုးကောင်းမျိုးသန့်မျိုးစေ့နှင့် ကုလားပဲမျိုးကောင်းမျိုးသန့် မျိုးစေ့များကို စနစ်တကျ စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိသဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးရေးအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်မျိုးစေ့ကို အဆင်ပြေစွာ ဝယ်ယူစိုက်ပျိုးခွင့် ရရှိသဖြင့် များစွာအဆင်ပြေလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )