တောင်ငူ မေ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄ ခုနှစ်) အထိမ်းအမှတ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနားကို ယနေ့နံနက် (၉) အချိန်က အမှတ် (၁၅) ရပ်ကွက်၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တောင်ငူခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်က ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ဆောင်ပုဒ်ဖြစ်သည့် “ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆောင်ပုဒ်နှင့်အညီ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဖြင့် ကလေးများ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက်ကလေးများအား ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် ဝမ်းရောဂါ ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အဖွဲ့ဝင်များ လာရောက်ကြည့်ရှုကာ လိုအပ်သည်များ ဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)