ကဝ မေ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄) ခုနှစ် အထိမ်းအမှတ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ ကဝမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းက ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ဆောင်ပုဒ်ဖြစ်သည့် “ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆောင်ပုဒ်နှင့် အညီကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကဝမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅) မျိုးစပ် ကာကွယ်ဆေး၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ကဝမြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက တက်ရောက်ကြည့်ရှုအားပေး၍ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)