သံတောင်ကြီးဒေသထွက် ပေါ်ဦးပေါ်ဖျား ဂေါ်ရခါးသီးများ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

သံတောင်ကြီး မေ ၆

ကရင်ပြည်နယ်၊ ဘားအာခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ သံတောင်ကြီးမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခု မေလပထမပတ်တွင် ပေါ်ဦးပေါ်ဖျား ဂေါ်ရခါးသီးများ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။

အဆိုပါ သံတောင်ကြီးဒေသတွင် စိုက်ပျိုးသော ဂေါ်ရခါးသီးပင်များမှာ သဘာဝမြေဩဇာကိုသာ အသုံးပြုခြင်းကြောင့် လူကြိုက်များသည့် သီးနှံဖြစ်ပြီး ကြော်စား၍သော်လည်ကောင်း၊ ပြုတ်စား၍သော်လည်ကောင်း၊  ဟင်းချိုအဖြစ် ချက်စားရာတွင်လည်ကောင်း စားသုံးကြသည်။ ဂေါ်ရခါးပင်များမှာ နွေ ၊  မိုး ၊ ဆောင်း ရာသီမ‌ရွေး အသီးသီးသည်။

ဂေါ်ရခါးသီးများကို အိမ်တွင်စားသုံးရန်အတွက်သာမက အပိုဝင်ငွေ ရရှိစေရန် ခူးယူရောင်းချလျက်ရှိပြီး သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူမြို့သို့ တင်ပို့ရောင်းချကြသည်။ ယခုအချိန်တွင် ပေါ်ဦးပေါ်ဖျား သံတောင်ကြီးဒေသထွက် ဂေါ်ရခါးသီး တပိဿာလျှင် ကျပ် (၂၀၀၀)မှ (၂၂၀၀) ထိ ရရှိသည်။ ဂေါ်ရခါးပင်များသည် ရာသီမရွေး အသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် အပိုဝင်ငွေ ရရှိကာ အိမ်သုံးစရိတ် ရရှိကြောင်း ဂေါ်ရခါးသီးစိုက်ပျိုးလုပ်ကိုင်သူ ဦးစောထီသောထံက သိရသည်။

နော်လော်မူ